-->
ဘယ်တော့မှ ခွပ်ဒေါင်းတွေ အားမပျက် ထာဝရပျံသန်းနေအုံးမည်။

Tuesday, January 26, 2010

အိန္ဒိယ တက္ကသိုလ်များ အဆင့် လျှော့ချရေး ဆိုင်းငံ့ထား

26/01/2010
ယနေ့ မြန်မာ ဘုန်းတော်ကြီးများ တက်ရောက်နေသော နာလန္ဒာ တက္ကသိုလ် (ဓာတ်ပုံ - ဇာနည်မာန်)
မြန်မာစာသင်သား ရဟန်းများ တက်ရောက်နေသော နာလန္ဒာ တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၄၄ ခုကို တက္ကသိုလ် အဆင့်မှ လျှော့ချမည့် အစီအစဉ်အား ဆိုင်းငံ့ထားရမည်ဟု အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။တရားသူကြီး Dalveer Bhandari နှင့် A.K. Patnaik တို့က တရားရုံးချုပ်၏ အဆုံးအဖြတ် မပါဘဲ အဆိုပါ တက္ကသိုလ်များကို အဆင့်နှိမ့်ချခြင်း တစုံတရာ မပြုလုပ်ရန်နှင့် ထိုကိစ္စအတွက် စစ်ဆေး စုံစမ်းမှုများ ပြုပြီးသည် အထိ ပုံမှန်အတိုင်း အတန်းများ ဖွင့်လှစ် ဆောင်ရွက် သွားရန် ယမန်နေ့က ဆုံးဖြတ်ခဲ့ သည်ကို အိန္ဒိယ ရုပ်မြင် သံကြားတွင် ထုတ်လွှင့် ခဲ့သည်။

အဆင့်နှိမ့်ရန် လျာထား ခံရသော (အခြေခံ အဆင့်မြင့် ကျောင်းကို တက္ကသိုလ် အဆင့်မီသည်ဟု သတ်မှတ်ထားသည့်) Deemed တက္ကသိုလ် ၄၄ ခုသည် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလဖြစ်သည့် လာမည့် မတ်လအထိ သတ်မှတ် တက္ကသိုလ် အဆင့် ပြည့်မီရေး အတွက် မိခင် တက္ကသိုလ်များနှင့် ပူးပေါင်း ကြိုးစား ဆောင်ရွက်ကြရန် တရားရုံးချုပ်က ညွှန်ကြားထားသည်။
“အရင်အတိုင်းပဲ ပြန်ပြီးဖွင့်ပါဆိုတာ ရုပ်မြင်သံကြားကနေ ပါလာတော့ အတော်စိတ်ချမ်းသာ သွားတယ်။ ကျောင်းကတော့ ပြန်မဖွင့်သေးဘူး။ သူတို့ အိန္ဒိယနိုင်ငံ ထူထောင်တဲ့ အထိမ်းအမှတ် နေ့လည်းရှိတော့။ နောက်နေ့မှ ပြန်ဖွင့်လိမ့်မယ်” ဟု နာလန္ဒာ တက္ကသိုလ်မှ စာသင်သား ရဟန်းတပါးက မိန့်သည်။

ယခုကဲ့သို့ တရားရုံးချုပ်မှ ဆုံးဖြတ်ခြင်းမှာ Deemed တက္ကသိုလ်များတွင် ပညာသင်ကြားနေသော နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျောင်းသား ၂ သိန်းကျော်တို့၏ ပညာရေး ထိခိုက်မှုများ မရှိစေရန် ဖြစ်ကြောင်း သိရသည်။ အဆိုပါတက္ကသိုလ်များကို အဆင့်နှိမ့်ချရန် စီစဉ်ခဲ့သော လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနမှ တင်ပြထားသည်များကိုလည်း ပြန်လည်စိစစ်သွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၉ ရက်နေ့က ပြည်နယ် ၁၃ ခုရှိ အဆိုပါ Deemed တက္ကသိုလ် ၄၄ ခုတို့ကို အဆင့်နှိမ့်မည်ဟု လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ကြေညာခဲ့သည်။

ကြေညာစာ ထွက်လာသည့် နောက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော ဒေသခံကျောင်းသားများက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြရာ ထိုကျောင်း ၄၄ ကျောင်းအနက် တကျောင်းဖြစ်သည့် ဘီဟား ပြည်နယ်ရှိ နာလန္ဒာ တက္ကသိုလ်တွင် ပညာသင်နေသော မြန်မာ ရဟန်းများ ပါဝင်ခဲ့သည်။

တခြား စာသင်သား တပါးကလည်း “အစကတော့ အရေးကြီးစာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ သိမ်းထားတာ။ ပြောလို့မရဘူး။ တခုခုဖြစ်ရင် ဖြစ်မှာလေ။ ဒီမှာက ဒကာ၊ ဒကာမတွေ အထောက်အပံ့နဲ့နေနေရတာ၊ အချိန်ကုန်ငွေကုန်နဲ့၊ ပြန်ရရင် ဘယ်လို ပြောရပါ့မလဲပေါ့။ အခုလို ကြားရတော့ စိတ်မပူရတော့ဘူး” ဟု ဧရာဝတီသို့ မိန့်သွားသည်။

ဗုဒ္ဓစာပေ လေ့လာရေးတွင် နာမည်ကျော်ကြားသော နာလန္ဒာတက္ကသိုလ်တွင် မြန်မာစာသင်သား ရဟန်းတော်ပေါင်း ၉၇ ပါး အပါအ၀င် ထိုင်း၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရဟန်းများလည်း ပညာသင်ကြားလျက်ရှိသည်။

No comments:

အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ ရှိရှိသမျှသော သူတွေက အဓိပ္ပာယ် မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ ကြပါတယ်။ လူတိုင်းလူ တိုင်းဟာလည်း ကိုယ်အားသန်ရာ အတွေးတွေနဲ့ အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်။ အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေနဲ့ ဖွဲ့ဆိုကြသလို၊ ဒဿန ဆရာတွေကလည်း ဒဿနလေး တွေနဲ့ဖွဲ့ ဆိုကြပါတယ်။ တရားဟော ဆရာတွေကလည်း ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။ အမျိုးမျိုးပေါ့။ တကယ်တော့ အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ပျော်ရွှင်မှုတို့ဖြင့် ရှင်သန်နေ စေတာပါ။